“ခုတစ်လော ကာလသားရောဂါကို ပြန်တွေ့နေရတယ်” ဆိုတဲ့ သတင်းကို ကြားလိုက်ရတော့ တကယ်ကို အထိတ်တလန့် ဖြစ်ရပါတယ်။ အထက်တန်း နဲ့ တက္ကသိုလ်အရွယ်တွေ (၁၅ ကနေ ၂၄ နှစ်အတွင်း) တွေမှာ ဆိုးဆိုးရွားရွားဖြစ်နေတာ တဲ့။ . (Link: www.bbc.com/thai/thailand-48199586)
လက်ရှိဖြစ်နေတာကတော့ လူငယ်ပိုင်း အသက် ၁၅ နှစ်ကနေ ၂၄ နှစ်ကြား၊ အထက်တန်း နဲ့ တက္ကသိုလ် ကျောင်းသားအရွယ်တွေပေါ့။ သိတဲ့အတိုင်းပဲ ဒီအရွယ် ကာလသားတွေဆိုတာက စမ်းချင်တယ်လေ။ အထူးသဖြင့် လိင်မှုရေးရာ အတွေ့အကြုံ မှာ “ပထမဆုံး” ဆိုတာ ဘယ်လိုနေပါလိမ့် လို့ စမ်းကြတယ်လေ။ လိင်ပညာပေးတဲ့အပိုင်းမှာလည်း အားနည်းခဲ့တယ်။ ဘဝမှာ ပထမဆုံးလည်း လွတ်လွတ်လပ်လပ် နေခွင့်ရတယ် ဆိုတော့ကာ… အထူးသဖြင့် လိင်မှုရေးရာမှာ တစိမ်းတစ်ယောက်ယောက်နဲ့ တစ်ညဖြစ်ဖြစ် စမ်းကြည့်လိုက်ကြတော့တာပါပဲ။ ပိုဆိုးစေတာက ကွန်ဒုံး မသုံးချင်ကြဘူး တဲ့။ သူတို့ ခံယူချက်မှားနေတာက ဆက်ဆံဖော်မများဘူး။ ဒီတစ်ယောက်ထဲနဲ့ပဲဆိုရင် ဘာ ပိုးမှ ကူးစရာမရှိပါဘူး ဆိုတာပါပဲ။ အဲဒါကြောင့်လည်း လုံလောက်တဲ့ အကာအကွယ်တွေ မလုပ်ကြဘူးလေ။ အမှန်တကယ် သိထားရမှာက ကွန်ဒုံးမသုံးလိုက်ဘူးဆိုရင် နှစ်ယောက်စလုံးမှာ လိင်မှတစ်ဆင့် ဖြစ်ပွားတတ်တဲ့ ရောဂါ ကူးစက်နိုင်ချေ ရှိသွားပြီ ဆိုတာပါပဲ။
အထက်မှာ ဖော်ပြခဲ့တဲ့ အန္တရာယ်ရှိ အုပ်စုထဲမှာ ထပ်ထည့်ဖို့ ရှိသေးတယ်။ မိခင်ကနေတစ်ဆင့် သန္ဓေသားဆီကို ကာလသားရောဂါပိုး ကူးတာ။ သန္ဓေသားအဆင့်မှာ ရေမွှာအရည်ထဲကနေ အကူးခံလိုက်ရတာဖြစ်တယ်။ နှာခေါင်းကွဲ အာခေါင်ကွဲလေးတွေ မွေးလာတာ၊ မျက်လုံးမမြင်တာ၊ ဦးနှောက်အရွယ်အစားသေးနေတာ၊ နှလုံးမကောင်းတာကြောင့် သေဆုံးရတာ စသည်ဖြင့် အမျိုးစုံ ဖြစ်နိုင်ပါတယ်။
ကာလသားရောဂါဆိုတာ Treponema pallidum ဆိုတဲ့ ဘက်တီးရီးယားတွေ ကူးစက်မှုကနေ ဖြစ်လာတာ ဖြစ်ပါတယ်။ လက္ခဏာပြဖို့ ၂-၃ ပတ်ကနေ ၃လ အထိ ကြာနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ စိုနေတဲ့အပိုင်းတွေမှာ ရှိနေတတ် ကြပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တယ်ဆိုရာမှာ လိင်ဆက်ဆံရာကနေ တိုက်ရိုက်ကူးတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားဆီကိုလည်း ကူးစက်ပါတယ်။
ကာလသားရောဂါဟာ အရင်ခေတ်တုန်းက ကြောက်စရာကောင်းလောက်တဲ့အဆင့်တစ်ခုအထိ ပျံ့နှံ့ခဲ့ဖူးပါတယ်။ ဒီရောဂါရဲ့ တတိယအဆင့်လောက်အထိ ရောက်သွားပြီဆိုရင် မျက်စိကွယ်တာတို့ မျက်နှာပျက်သွားတာတို့ စတာတွေ ဖြစ်တတ်ပြီး ပြင်းထန်တဲ့ အဆင့်ဆိုရင် ဗဟို အာရုံကြောမကြီးစနစ်ကို ထိခိုက်သွားပြီး မှတ်ဉာဏ်ပျက်စီးတာတို့ ဘာတို့ ဖြစ်တတ်ပါတယ်။ စနစ်တကျ ကုသမှု မခံယူဘူးဆိုရင် အသက် သေဆုံးတဲ့အထိ ဒုက္ခပေးပါတယ်။